မန်ကျည်းရွက်ဆိုရင် ချဉ်ရည်ဟင်းချက်စားလို့ရသလို ၊ မန်ကျည်းရွက်သုပ်၊ မန်ကျည်းရွက်ချက်စသဖြင့် ချက်စားလေ့ရှိကြပါတယ်။ ဒန့်သလွန်သီးကိုတော့ ပဲကုလားဟင်းထဲမှာလည်း ထည့်ချက်ကြသလို ဒန့်သလွန်သီးမီးကင်ပြီးတော့လည်း ဟင်းခါးချက်စားကြသလို ငါးနဲ့တွဲဖက်ပြီးတော့လည်းချက်စားလေ့ရှိကြပါတယ်။
ဒီနေ့မှာတော့ အညာဒေသ အထူးသဖြင့် မုံရွာဒေသဘက်မှာ ချက်စားလေ့ရှိတဲ့ မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်နည်းလေးကိုဝေမျှချင်ပါတယ်။
မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-
- ဒန့်သလွန်သီး ၅ တောင့်
- မန်ကျည်းရွက် ၁၀ ကျပ်သား
- ကြက်သွန်နီ ၁ လုံး
- ငပိ အနည်းငယ်(မန်ကျီးစေ့ ၁ စေ့ခန့်)
- ဆားအနည်းငယ်
- အချိုမှုန့်အနည်းငယ်
- ဆီ ဟင်းစားဇွန်း(၁)ဇွန်းခန့်လိုအပ်မှာဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
- ဒန့်သလွန်သီးကို လက်သုံးဆစ်ခန့် အရွယ်အစားများဖြတ်၍ အခွံနွှာ ရေဆေးထားပါ။
- မန်ကျည်းရွက်ကို အရွက်ကြမ်းများနှင့်အရိုးရင့်များ ဖယ်ထုတ်ပြီး ရေဆေး၍ စစ်ထားပါ။
- ကြက်သွန်နီအခွံနွှာပြီး ရေဆေး၍ လှီးထားပါ။
- ချဉ်ရည်ဟင်းချက်မည့်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ငပိထည့်ပြီး ဆီသတ်ပါ။ ငပိအနံ့မွှေးလာပါက လှီးထားသော ကြက်သွန်နီနှင့် ဒန့်သလွန်သီးများ၊ မန်ကျည်းရွက်များထည့်ပြီး အထက်အောက် နှံ့အောင်မွှေ၍ ရေဖန်ခွက်(၃)ခွက်ခန့်ထည့်ပြီး အဖုံးအုပ်၍ ချက်ပါ။
- မိနစ်(၂၀)ကြာပြီးနောက် ချဉ်ရည်ဟင်းရည်များပွက်ပွက်ဆူပြီး ဒန့်သလွန်သီးများ နူးအိလာပါက ဆား၊ အချိုမှုန့်ထည့်၍ အရသာမြည်းစမ်းကာ မီးပိတ်၍ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
- မန်ကျည်းရွက်ရဲ့ အချဉ်ဓာတ်ကို ဒန့်သလွန်သီးရဲ့ အဆိမ့်ဓာတ်၊ ကြက်သွန်နီရဲ့ အချိုဓာတ်နဲ့ ငပိတို့ကြောင့် ချဉ်ရည်ဟင်းက အချဉ်မစူးဘဲ စားလို့ကောင်းမှာသေချာပါတယ်နော်။
မန်ကျည်းရွက်ဒန့်သလွန်သီးချဉ်ရည်ဟင်းနဲ့ ဆိတ်သား၊ ကြက်သား၊ ဝက်သားချက်တို့နဲ့ အညာငရုတ်သီးထောင်း၊ ငရံ့ခြောက်ဖုတ်တို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် လိုက်ဖက်ညီတဲ့ ဟင်းတွဲဟင်းစပ်လေးတွေဖြစ်တာကြောင့် ခံတွင်းမြိန်မှာသေချာပါတယ်နော်။