ကြက်သားကို ဆီပြန်ဟင်းတွေချက်စားရတာ ရိုးနေတဲ့ ဟင်းချက်ဝါသနာရှင်တွေအတွက် ကြက်သားဂွေးတောက်ဟင်းချက်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကြက်သား ဂွေးတောက်ဟင်းရည်ဆိုရင်တော့ စားသောက်ဆိုင်တွေမှာလည်း အမျိုးသားအများစု မှာစားလေ့ရှိကြတဲ့ ဟင်းတစ်မယ်လည်းဖြစ်ပါတယ်နော်။
- ကြက်သားဂွေးတောက်ဟင်းချက်ဖို့အတွက်ဆိုရင် -
- ကြက်သား(၁၀)သား၊
- ဂွေးတောက်ရွက်(၅)ကျပ်သား၊
- ကြက်သွန်နီ(အလုံးသေး) ၅ လုံး၊
- ခရမ်းချဉ်သီး(၁)လုံး၊
- ကြက်သွန်ဖြူ(ဗမာ) (၅)မွှာ၊
- ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်းတစ်ဝက်ခန့်၊
- ဆားအနည်းငယ်၊
- ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်၊
- ဆီဟင်းစားဇွန်း(၁)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်နော်။
ပြုလုပ်ပုံအဆင့်ဆင့်
- ကြက်သားများကို အတုံးငယ်များဖြစ်အောင် တုံးပြီး ရေဆေးကာ ဆားအနည်းငယ်ဖြင့် နယ်၍ နှပ်ထား ပါ။
- ဂွေးတောက်ရွက်ကို အရွက်ရင့်/ကြမ်းများ မပါရှိစေရန် ဖယ်၍ ရေဆေးပြီး စစ်ထားပါ။
- ကြက်သွန်နီ၊ ခရမ်းချဉ်သီးများ လှီးထားပါ။ ကြက်သွန်ဖြူ ထောင်းထားပါ။
- ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက ငရုတ်သီးအရောင်တင်မှုန့်နှင့် လှီးထားသော ကြက်သွန်နီ၊ခရမ်းချဉ်သီးတို့ဖြင့် ဆီသတ်ပါ။
- ထို့နောက် နှပ်ထားသော ကြက်သားထည့်၍ နှံ့စပ်အောင်မွှေ၍ ဆီပြန်လာပါက ရေဖန်ခွက်(၄)ခွက်ခန့်ထည့်ပြီး အဖုံးအုပ်၍ (၁၅)မိနစ်ခန့်တည်ထားပါ။
- ကြက်သားဟင်းရည်များ ပွက်ပွက်ဆူပြီး ကြက်သားနူး/မနူးမြည်းကြည့်ပါ။ ကြက်သားမနူးသေးပါက ရေ(၁)ဖန်ခွက်ခန့်ထပ်ဖြည့်၍ ဟင်းအိုးအဖုံးအုပ်ပြီး တည်ထားပါ။
- ကြက်သားနူးပြီး ဟင်းရည်ရေဖန်ခွက်(၁)ခွက်ခွဲစာခန့် ကျန်ပါက ရေဆေးထားသော ဂွေးတောက်ရွက်များ ထည့်ပါ။(ဂွေးတောက်ရွက်အရောင် အစိမ်းရောင် မပျက်ရရှိစေရန်အတွက် ဟင်းအိုးအဖုံးမဖုံးရပါ)
- ထို့နောက် ထောင်းထားသော ကြက်သွန်ဖြူ၊ ဆား၊အချိုမှုန့်တို့ကို ခပ်၍ အရသာ မြည်းစမ်းကာ ဟင်းအိုးကို မီးပိတ်၍ သုံးဆောင်နိုင်မည်ဖြစ်ပါသည်။ (ဂွေးတောက်ရွက်ကို အချိန်ကြာကြာချက်ပါက အရသာပိုပြီးခါးတတ်သဖြင့် ကြက်သားထဲသို့ ထည့်ပြီး(၅)မိနစ်ခန့် ချက်ပြီးနောက် ပူပူနွေးနွေးသုံးဆောင်သင့်ပါသည်။
ကြက်သားဂွေးတောက်ဟင်းရည်နှင့် သရက်သီးစပ်ချဉ်ထောင်း၊ အာလူးအစိုကြော် တို့ကတော့ လိုက်ဖက်တဲ့ ဟင်းအတွဲလေးဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်နော်။