မန်ကျီးရွက်ကို သာမန်အားဖြင့် ချဉ်ရည်ဟင်းနဲ့ မန်ကျီးရွက်အစိမ်းသုပ်ဆိုပြီး စားသုံးလေ့ရှိကြပါတယ်။ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်တွေမှာ သုပ်စားလေ့ရှိတဲ့ မန်ကျီးဖျောသုပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ အညာမန်ကျီးဖျောသုပ်လေးက လုပ်ရတာလွယ်ကူပြီး စားသုံးရာမှာလည်း ခံတွင်းရှင်းတာမို့ အကြိုက်တွေ့မှာသေချာပါတယ်နော်။
မန်ကျီးဖျောသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
- မန်ကျည်းရွက် ၅ ကျပ်သား
- ကြက်သွန်နီ ၃ လုံး
- ဆီ အနည်းငယ်
- ဆား အနည်းငယ် ဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်အဆင့်
- မန်ကျီးရွက်များကို အရိုးရင့်များနဲ့ အရွက်ကြမ်းများဖယ်၍ ရေဆေးပြီးစစ်ထားပါ။
- ဒယ်အိုးထဲတွင် ရေကို ပွက်ပွက်ဆူအောင်တည်ထားပါ။ ရေပွက်ပွက်ဆူပါက အဆိုပါအိုးထဲသို့ ရေစစ်ထားသော မန်ကျီးရွက်များကို ထည့်၍ နူးအိသည်အထိ ပြုတ်ပါ။ ထို့နောက် မန်ကျီးရွက်များဆယ်ယူ၍ ရေစစ်ထားပါ။
- ကြက်သွန်နီအခွံခွာ၍ ပါးပါးလှီးပါ။ ထို့နောက် ကြက်သွန်နီများ မမွန်စေရန်(မစပ်စေရန်) ရေဖြင့် နယ်၍ ဆေးပြီး ရေစစ်ထားပါ။
- မန်ကျည်းရွက်ဖျော သုပ်မည့် ပန်းကန်ထဲသို့ ရေစစ်ထားသော မန်ကျီးရွက်နှင့် ကြက်သွန်နီများ ထည့်ပါ။ ထို့နောက် ဆား၊ အချိုမှုန့်များ ထည့်၍ မန်ကျည်းရွက်နှင့် ကြက်သွန်နီများ သမသွားစေရန် ပွတ်ချေ၍ နယ်ပေးပါ။
- ဆီရွှဲရွဲဆမ်းပြီးပါက အညာမန်ကျည်းရွက်ဖျောသုပ်ကို စားသုံးနိုင်မည်ဖြစ်ပါသည်။
အညာမန်ကျီးဖျောသုပ်ကို အညာဒေသကထွက်တဲ့ ရွှေသမင်ခရမ်းသီးနှပ်နဲ့ ပဲလှော်ကြော်နဲ့ ပဲလွန်းရွက်ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးရင် အင်မတန်လိုက်ဖက်ညီပြီး စားလို့မြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်မှာပါနော်။