အသားမှာဝက်၊ အသီးမှာသရက်၊ အရွက်မှာလက်ဖက်လို့တင်စားရလောက်အောင် ဝက်သားဟာ မြန်မာလူမျိုးအများစု ကြိုက်နှစ်တဲ့အသားတစ်မျိုးပါ။ ဝက်သားကို အမျိုးမျိုးချက်ပြုတ် ကြော်လှော် စားသောက်လို့ရတာကိုလည်း ဟင်းချက်ဝါသနာရှင်တွေသိရှိပြီးဖြစ်မှာပါ။ အချို့လူတွေကတော့ ဝက်သားဆိုရင် အဆီလေးနဲ့အရသာ ပိုရှိတယ်လို့ ဆိုကြပါတယ်။ ဝက်သားကို အဆီနဲ့လည်း စားချင်တယ်၊ အီမှာလည်းစိုးရိမ်ကြတဲ့သူတွေအတွက် ဝက်သားကို သရက်ချဉ်လေးနဲ့ အအီပြေအောင် ချက်စားတဲ့နည်းလေးကို ဝေမျှချင်ပါတယ်နော်။
- ဝက်သား သရက်ချဉ်ချက်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
- ဝက်သား ၁၅ ကျပ်သား
- သရက်ချဉ် ၇ ကျပ်ခွဲသား(အထုပ်သေး (၁)ထုပ်)
- ငပိ အနည်းငယ်
- အရောင်တင်မှုန့် အနည်းငယ်
- ကြက်သွန်နီ ၁ လုံး
- ခရမ်းချဉ်သီး ၁ လုံး
- ဆီ ဟင်းစားဇွန်း ၅ ဇွန်းခန့်
- ဆား အနည်းငယ်
- အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်အဆင့်
- ဝက်သားကို အတုံးငယ်များ တုံး၍ ရေဆေးထားပါ။
- သရက်ချဉ်ကို သဲများ၊ အမှိုက်များ မပါရှိစေရန် ရေဆေးထားပါ။
- ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို ရေဆေးပြီး လှီးထားပါ။
- ဟင်းချက်မည့် အိုးထဲတို့ ဆီအရင်ထည့်ပါ။ ဆီပူလာပါက လှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငပိ၊ အရောင်တင်မှုန့်တို့ကို ရော၍ ဆီသတ်ပါ။
- ထို့နောက် အတုံးငယ်များ တုံးထားသော ဝက်သားကို ထည့်၍ နှံ့စပ်အောင် မွှေပါ။
- ဝက်သား နူးအိစေရန်အတွက် ရေဖန်ခွက်(၃)ခွက်စာခန့်ထည့်၍ နူးအိသည်အထိ ချက်ပြုတ်ပါ။
- ဝက်သား နူးအိလာပါက ရေဆေးထားသော သရက်ချဉ်များ ထည့်ပါ။
- သရက်ချဉ်ထည့်ပြီး ဆီပြန်လာပါ ဆား၊ အချိုမှုန့်များထည့်၍ အရသာ မြည်းစမ်းကြည့်ပါ။
- အရသာ အနေအထား အဆင်ပြေပါက ဟင်းအိုးကို မီးပိတ်၍ ဝက်သားသရက်ချဉ်ဆီပျံဟင်းကို သုံးဆောင်နိုင်မည် ဖြစ်ပါသည်။
ဝက်သားသရက်ချဉ်ဆီပျံဟင်းကို အညာဘက်မှာဖျော်လေ့ရှိတဲ့ ငံပြာရည်ဖျော်နဲ့ ကြက်သွန်နီနဲ့ အခြားအတို့အမြှုပ်အစုံလေးနဲ့ ဘူးရွက်ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးလိုက်မယ်ဆိုရင် စားမြိန် မှာ အသေအချာပါပဲနော်။