ဆိတ်သားစားချင်သော်လည်း ညှီနံ့ကြောက်လို့ ချက်မစားဖြစ်ကြတဲ့သူတွေအနေနဲ့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို မီးကင်စားလို့ရတယ်၊ ကြော်စားလို့ရတယ်။ ဒါ့အပြင် ဟင်းအနှစ်နဲ့ချက်စားလို့ ရပါသေးတယ်နော်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားလို့ရကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်သားခြောက် ၈ ချောင်းခန့်
- ခရမ်းချဉ်သီး ၅ လုံး
- ကြက်သွန်နီအလုံးကြီး ၃လုံး
- ဗမာကြက်သွန်ဖြူ ၅မွှာ
- အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆီ ၅ ကျပ်သား
- ဆား အနည်းငယ်
- အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
- ဆိတ်သားခြောက်ကို အတုံးငယ်လေးများ ဖြစ်အောင် ပါးပါးလှီးထားပြီး ရေဆေးထားပါ။
- ခရမ်းချဉ်သီးကို ရေဆေး၍ လှီးထားပါ။ ဟင်းချက်တဲ့နေရာမှာ ဗမာခရမ်းချဉ်သီးနဲ့ချက်ရင် နူးအိလွယ်ပြီး သဘာဝအချဉ်ဓာတ်ကို ပိုမိုရရှိတဲ့အတွက် အအီပြေပါတယ်။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၍ ငရုတ်ဆုံတွင် ညက်အောင်ထောင်းပါ။ ငရုတ်ဆုံမရှိပါက ကြိတ်စက်ဖြင့် ကြိတ်ပါ။
- ချက်မည့်ဒယ်အိုးထဲသို့ ဆီများထည့်ပါ။ ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ။
- အနံ့များမွှေးလာပါက အရောင်တင်မှုန့်ကို ထည့်ပါ ။ အရောင်တက်လာပါက လှီးထားသော ခရမ်းချဉ်သီးများထည့်၍ နှံ့အောင် မွှေ၍ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။
- မိနစ်အနည်းငယ်ကြာပြီးနောက် ခရမ်းချဉ်သီးများ နူးအိပြီး အနှစ်ကျသည်အထိ ဇွန်းဖြင့် ချေပါ။ခရမ်းချဉ်သီးများ အနှစ်ကျလာပါက ပါးပါးလှီးထားသော ဆိတ်သားခြောက်များ ထည့်၍ ရေအနည်းငယ် ထည့်ပါ။ (မှတ်ချက်-ဆိတ်သားခြောက်နှင့် ခရမ်းချဉ်သီးကို အတူမထည့်ဘဲ သီးခြားစီခွဲထည့်ရပါမယ်နော်။ ခရမ်းချဉ်သီးနဲ့အတူ ဆိတ်သားခြောက်ကိုပါ အတူထည့်ပါက ခရမ်းချဉ်သီးများသည် အနှစ်မကျဘဲ အတုံးလိုက်ဖြစ်နေတတ်ပြီး ပါးပါးလှီးထားသော ဆိတ်သားခြောက်များ ကျေသွားတတ်ပါတယ်နော်။ ဒါ့အပြင် ခရမ်းချဉ်သီး နူးနပ်တဲ့အနံ့မဟုတ်ဘဲ စိမ်းနံ့နံတတ်ပါတယ်နော်။)
- ဆိပ်သားခြောက်များ နူးအိပြီး ဆီပြန်လာပါက မီးလျှော့၍ ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်များထည့်၍ အိုးမကပ်စေရန် နှံ့အောင်မွှေပါ။ ကြိုက်နှစ်သက်ပါက နံနံပင်များထည့်နိုင်ပါတယ်နော်။
- ဒါဆိုရင် ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်းလေးကို သူနဲ့ ဟင်းတွဲဖြစ်တဲ့ ဘူးရွက်ဟင်းချိုလေး သို့မဟုတ် ဘူးသီးဟင်းခါးလေးနဲ့ သရက်ချဉ်သုပ်လေးနဲ့ တွဲဖက် စားသုံးလိုက်ရင် ထမင်းမြိန်စေမှာ အမှန်ပါပဲနော်။