သရက်သီးအစိမ်းတွေ ပေါများနေတဲ့အချိန်မှာ တာရှည်ခံအောင်လို့ သရက်ချဉ်ပြုလုပ်ထားလေ့ ရှိကြပါတယ်။ သရက်ချဉ်ကို အချို့ကလည်း ပဲကျက်မှုန့်တို့ ငရုတ်သီးဆီချက်တို့နဲ့ သုပ်စားလေ့ ရှိကြပါတယ်။ ဒီနေ့မှာတော့ သရက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးနဲ့ ဆီရွှဲရွှဲလေးဆမ်း ပြီး သုပ်စားတဲ့နည်းလေးကို မျှဝေချင်ပါတယ်။
သရက်ချဉ်သုပ်ရန်အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
- သရက်ချဉ် ဟင်းစားဇွန်း(၁)ဇွန်းခန့်
- ကြက်သွန်နီ(၁)လုံး
- ငရုတ်သီးစိမ်း(၃)တောင့် ဆား
- ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်
- ဆီ ဟင်းစားဇွန်း(၃)ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
- သရက်ချဉ်ကို သဲနှင့် ဆားရည်များမပါရှိစေရန် ရေဆေးပါ။
- ကြက်သွန်နီကို အခွံနွှာ၍ ပါးပါးလှီးပါ။ ငရုတ်သီးစိမ်းများ ပါးပါးလှီးထားပါ။
- သရက်ချဉ်သုပ်မည့်ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ငရုတ်သီးစိမ်းနှင့် သရက်ချဉ်တို့ကိုထည့်ပြီး ဆား၊ ဟင်းချိုမှုန့် ၊ဆီတို့ဖြင့် နှံ့စပ်အောင် လက်ဖြင့် ဖိချေပြီးနယ်ပါ။(သရက်ချဉ်သည် မူလတွင် ဆားဖြင့် စိမ်ထားခြင်းကြောင့် သရက်ချဉ်သုပ်တွင် ဆားကိုအနည်းငယ်သာထည့်သင့်ပါသည်)
- သရက်ချဉ်နှင့်ကြက်သွန်နီ ကိုပေါင်းစည်းသွားအောင် နှံ့စပ်အောင် နယ်ခြင်းဖြင့် သရက်ချဉ်သုပ်အရသာမှာ ပိုမိုကောင်းမွန်စေမည့်အပြင် ကြက်သွန်နီရဲ့ အချိုဓာတ်၊ ဆီရဲ့ အဆိမ့်ဓာတ်တွေကလည်း သရက်ချဉ်သုပ်ကို ချို၊ ချဉ်စိမ့်အရသာဖြစ်ပြီး ငရုတ်သီးစိမ်းထည့်ထားတဲ့အတွက် အနံ့ကိုပိုမွှေးစေပါတယ်။
သရက်ချဉ်သုပ်ကို ငါးဆားနယ်(ငါးပိတုံး)နှင့်ခရမ်းချဉ်သီးဆီပြန်ဟင်း၊ ပဲညှောင့်ပေါက် ပဲဟင်းတို့နဲ့ တွဲဖက်စားသုံးနိုင်ပါသည်။