ဘူးရွက်ကို သာမန်အားဖြင့် ကြော်စားတတ်ကြလေ့ရှိကြပါတယ်။ ကျမတို့ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်မှာ ချက်စားလေ့ရှိတဲ့ ဘူးရွက်ဟင်းချို ချက်နည်းလေးကို ဟင်းချက်ဝါသနာရှင်များအတွက် ဝေမျှချင်ပါတယ်။
ဘူးရွက်ဟင်းချိုကတော့ ချက်ရတာလည်း လွယ်ကူသလို ဆီပါဝင်မှုလည်း နည်းပါတာမို့လို့ ကျန်းမာရေးအတွက်လည်း ပိုပြီးသင့်တော်ပါတယ်နော်။ ဘူးရွက်ဟင်းချို ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ -
- ဘူးရွက်(၂)စည်း
- နံနံပင်(၁)တစ်စည်း
- ငပိ မန်ကျည်းစေ့ခန့်
- ပုဇွန်ခြောက် လက်ဖက်စားဇွန်း(၁)ဇွန်း
- ကြက်သွန်နီ(၁)လုံး
- ဆားအနည်းငယ်
- ဟင်းခပ်မှုန့် (သို့) ဟင်းချိုမှုန့်အနည်းငယ်
- ဆီ ထမင်းဇွန်း(၁)ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
- ပထမဆုံးအနေနဲ့ ဘူးရွက်ကို အရိုးရင့်များ၊ အရွက်ကြမ်းများကို ဖယ်ရှားပါ။ ဈေးကဝယ်လာတဲ့ ဘူးရွက်တွေမှာလည်း ဘူးသီးအနုအသေးလေးတွေလည်းပါလာတတ်တာမို့ အဲ့ဒီအသီးနုလေးတွေလည်း ထည့်ချက်လို့ရပါတယ်နော်။ ဒါ့အပြင် နှာမောင်းတံ(ဘူးနွယ်)လေးတွေကိုလည်း ထည့်ပြီးချက်လို့ရပါတယ်နော်။
- ဘူးရွက်၊ ဘူးညွန့်များ သင်ပြီးရင်တော့ ရေဆေးပြီး စစ်ထားပါ။ နံနံပင်ကို အမြစ်များ၊ သဲများ၊ အမှိုက်များ မပါရှိအောင် သန့်စင်၍ ရေဆေးထားပါ။
- ကြက်သွန်နီကို အခွံနွှာ ရေးဆေးပြီး လေးစိတ်ခွဲပြီး လှီးထားပါ။ ပုစွန်ခြောက်ကို ရေစိမ်ထားပါ။
- ဘူးရွက်ဟင်းချို ချက်မည့် အိုးထဲသို့ ရေဖန်ခွက်(၃)ခွက်၊ ငပိ ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်နှင့် ဆီတို့ကို ထည့်ပြီး မီးပြင်းပြင်းဖြင့် မိနစ် ၂၀ ခန့် ပွက်ပွက်ဆူအောင် တည်ထားပါ။
- ဟင်းရည်များ ပွက်ပွက်ဆူပြီး အနံ့များ မွှေးကြိုင်လာကာ ဟင်းအိုးထဲတွင် ရေဖန်ခွက်(၁)ခွက်ခွဲစာခန့် ကျန်ရှိပါက ရေစစ်ထားသော ဘူးရွက်များထည့်ပါ။( ဘူးရွက်ထည့်ပြီးပါက ဟင်းအိုးအဖုံးကို မဖုံးဘဲ ဖွင့်၍ ချက်ပါ။ ဒါမှသာ ဘူးရွက်အရောင်မှာ အစိမ်းရောင်ကို ရရှိမည်ဖြစ်ပါသည်)
- ဘူးရွက်များထည့်ပြီး အထက်အောက်မွှေပြီးနောက် ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်ခပ်ပါ။ ထို့နောက် နံနံပင်ထည့်ပြီး အရသာမြည်းစမ်းကြည့်ပြီး အရသာ အဆင်ပြေပါက ဘူးရွက်ဟင်းချိုကို စားသုံးနိုင်ပြီဖြစ်ပါသည်။
ဘူးရွက်ဟင်းချိုမှာ အဓိကကျတာကတော့ ဟင်းရည်ကို ခပ်ကြာကြာလေး ကျိုရင် ငပိအစိမ်းအနံ့ပျောက်ပြီး မွှေးကြိုင်လာသည်အထိ ကြိုပေးဖို့လိုမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းရည်ထဲကို ဘူးရွက်ထည့်ပြီး ငါးမိနစ်လောက်ပဲချက်သင့်ပါတယ်နော်။
ဘူးရွက်ဟင်းချိုနဲ့ လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေကတော့ ဆိတ်သားခြောက်ဆီပြန်ဟင်း ၊ ဆိတ်သားဟင်း၊ ဝက်သားဆီပြန်ချက် ၊ နှမ်းဖတ်ချဉ်သုပ်လေးတွေနဲ့ တွဲဖက်စားသုံးရင် စားမြိန်ပြီး ခံတွင်းတွေ့မှာ သေချာပါတယ်နော်။
ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေ ချက်ပြုတ်စားသုံးကြည့်လိုက်တော့နော်။