ပြောင်းဖူးဆိုရင်တော့ ရှမ်းပြောင်းဖူးနဲ့ သကြားပြောင်းဖူးဆိုပြီး (၂)မျိုးရှိပါတယ်။ ရှမ်းပြောင်းဖူး ကတော့ စေးစေးလေးနဲ့ ဝါးလိုက်ရင် ထုပ်ထုပ်လေးမို့ လူကြိုက်များကြသလိုပဲ သကြားပြောင်းဖူးကလည်း နူးညံပြီး အရသာက အချိုကဲတာမို့ အကြိုက်တွေ့ကြပြန်ပါတယ်။ ဒီနေ့တော့ ရှမ်းပြောင်းဖူးလေးကို ကြက်ဥနဲ့ အပြားငယ်ပုံစံလေးလုပ်ပြီး ကြော်တဲ့နည်းလေးကို တင်ပြချင်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
- ရှမ်းပြောင်းဖူး ၅ ဖူး
- သကြား ဟင်းစားဇွန်း ၁ ဇွန်း
- ကြက်ဥ ၁ လုံး
- ဆီ ၅ ကျပ်သား
- ဆား အနည်းငယ်တို့ပဲဖြစ်ပါတယ်။
ပြုလုပ်ပုံ အဆင့်အဆင့်
- ရှမ်းပြောင်းဖူးများကို အခွံခွာပြီး ပြောင်းဖူးအမွှေးများကို ဖယ်ရှားပါ။ ထို့နောက် ရေဆေးပြီး ခြစ်ဖြင့် ခြစ်ပါ။
- ကြက်ဥကို ဖောက်၍ ပန်းကန်တစ်ခုထဲတွင် နှံ့စပ်အောင် မွှေထားပါ။
- ထို့နောက်ခြစ်ထားသော ပြောင်းဖူးများထဲသို့ ကြက်ဥ၊ သကြား၊ ဆား အနည်းငယ်ထည့်၍ နှံ့စပ်အောင် နယ်ပါ။
- ၎င်းနောက် အပြားငယ်များ ပြုလုပ်၍ ရေခဲသေတ္တာထဲတွင် (၁၀) မိနစ်ခန့် ထည့်၍ နှပ်ထားပါ။
- (၁၀)မိနစ်ကြာနှပ်ပြီးနောက် ပြောင်းဖူးအပြားငယ်များကို ထုတ်ထားပါ။
- ကြော်မည့် အိုးထဲသို့ ဆီများထည့်၍ ဆီပူလာပါက ပြောင်းဖူးအပြားငယ်များကို ထည့်၍ ကြော်ပါ။ ပြောင်းဖူးအပြားငယ်များ နီဝါရောင်သန်းလာပါက ဆယ်၍ ဆီစစ်ကာ နှစ်သက်ရာ အချဉ်ရည်ဖြင့် တွဲဖက် စားသုံးနိုင်မည်ဖြစ်ပါသည်။
ရှမ်းပြောင်းဖူးကြော်ဟာ နူးညံ့တဲ့အတွက် ကလေးငယ်များနဲ့ လူကြီးမိဘများအတွက်လည်း သင့်တော်မည့် အစားအစာတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။